သွေးလွန်တုပ်ကွေးရောဂါ
မိုးရာသီဖြစ်တဲ့ မေ၊ဇွန်၊ ဇူလှိုင်လတွေမှာ အဖြစ်များဆုံး သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများကို ဖော်ပြပေးလိုက်ပါတယ်။
• သွေးလွန်တုပ်ကွေးရောဂါခံစားရသူများအတွက် ရောဂါလက္ခဏာများက ပြင်းထန်နိုင်ပါတယ်။
• ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါက နာရီပိုင်းအတွင်းမှာ အသက်အန္တရာယ်ရှိလာနိုင်တာကြောင့် ဆေးရုံတက်ပြီး ချက်ချင်းကုသမှု ခံယူရပါမယ်။
ရောဂါလက္ခဏာများ
• သွေးလွန်တုပ်ကွေးရောဂါရဲ့ရောဂါလက္ခဏာလေးများက တခြားဖျားနာမှုများနှင့် ရောထွေးနေနိုင်ပါတယ်။ ဖျားခြင်း၊ ကိုက်ခဲနာကျင်ခြင်းနှင့် အနီစက်များထွက်ခြင်း စသည်တို့ ဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါရဲ့ အတွေ့များသော ရောဂါလက္ခဏာက အဖျားရှိခြင်းဖြစ်ပါတယ်။ နောက်ထပ်ရောဂါလက္ခဏာများကတော့
• မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း
• အနီစက်များထွက်ခြင်း
• နာကျင်ကိုက်ခဲခြင်း (မျက်လုံး၊ ကြွက်သား၊ အဆစ်အမြစ်၊ အရိုးများ နာကျင်ခြင်း)
• တခြားသတိထားစရာလက္ခဏာများ
သွေးလွန်တုပ်ကွေးရောဂါ၏ ရောဂါလက္ခဏာများမှာ သာမန်အားဖြင့် (၂) ရက်မှ (၇) ရက်ထိကြာပါတယ်။ လူအများစုက တစ်ပတ်လောက်ကြာပြီးနောက် ပြန်ကောင်းလာတတ်ကြပါတယ်။
ကုသမှု
• သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများကို သက်သာအောင်ကုသရပါတယ်။
• အဖျား သို့မဟုတ် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများရှိနေလျှင် ဆရာဝန်ဖြင့် ပြသပါ။ ခရီးသွားလာမှုများအကြောင်းကိုလည်း ပြောပြရပါမယ်။
• တတ်နိုင်သမျှ များများအနားယူပါ။
• အဖျားနှင့် နာကျင်မှုကို သက်သာစေဖို့ ပါရာစီတမောကို သောက်ပါ။
• Aspirin သို့မဟုတ် ibuprofen ကို မသောက်ပါနှင့်။
• ရေဓာတ်ဖြည့်တင်းစေဖို့ ရေများများသောက်ပါ။
• သိပ်မပြင်းထန်သည့် ရောဂါလက္ခဏာများအတွက် ဖျားနာနေသည့် လူနာကို အိမ်မှာပဲ ပြုစုစောင့်ရှောက်နိုင်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများက နာရီအနည်းငယ်အတွင်းမှာပဲ ပြင်းထန်လာနိုင်ပါတယ်။ ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါက အရေးပေါ် ကုသရမယ့် အခြေအနေဖြစ်ပါတယ်။
ပြင်းထန် သွေးလွန်တုပ်ကွေးရောဂါ
• သွေးလွန်တုပ်ကွေးရောဂါခံစားရသူ အယောက် (၂၀) မှာ (၁) ယောက်က ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါဖြစ်တတ်ကြပါတယ်။
• ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါက အတွင်းပိုင်းသွေးယိုစိမ့်ခြင်းများ ဖြစ်နိုင်ပြီး သေဆုံးနိုင်ပါတယ်။
• အတိတ်မှာ သွေးလွန်တုပ်ကွေးရောဂါရှိခဲ့ဖူးလျှင် ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ ဖြစ်လာနိုင်ပါတယ်။
• မွေးကင်းစကလေးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများက ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါအတွက် ပိုဖြစ်နိုင်ချေများပါတယ်။
ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ၏ ရောဂါလက္ခဏာများ
ထိုလက္ခဏာများက အဖျားပျောက်သွားပြီးနောက် (၂၄) နာရီမှ (၄၈) နာရီအတွင်းမှာ စတင်လာနိုင်ပါတယ်။ အောက်ဖော်ပြပါရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက ချက်ချင်းအရေးပေါ်အခန်းကို သွားရောက်ကုသမှုခံယူပါ။
• ဝမ်းဗိုက်နာခြင်း
• အော့အန်ခြင်း ( ၂၄ နာရီအတွင်း အနည်းဆုံး (၃) ကြိမ်)
• နှာခေါင်း သို့မဟုတ် သွားဖုံးမှ သွေးထွက်ခြင်း
• သွေးအန်ခြင်း သို့မဟုတ် ဝမ်းသွားလျှင်သွေးပါခြင်း
• မောပန်းပြီး အင်အားချိနဲ့နေခြင်း
ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါကုသရန်
• ထိုရောဂါလက္ခဏာများ ဖြစ်လာပါက ဆရာဝန်ဆီ ချက်ချင်းသွားပြီး အရေးပေါ်ကုသမှု ခံယူပါ။
• ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါသည် အရေးပေါ်အခြေအနေဖြစ်ပါတယ်။ ဆေးရုံမှာ
ချက်ချင်းကုသမှုခံယူရန် လိုအပ်ပါတယ်။
• ခရီးသွားလာနေလျှင် အနီးအနားရှိ ဆေးရုံဆေးခန်းကို အလျင်အမြန်ရှာဖွေ သွားရောက်ပါ။