24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Testimonials

ဦးခေါင်းခွံဖွင့်၍ခွဲစိတ်စရာမလိုဘဲ ဦးနှောက်အကျိတ်ကို နှာခေါင်းမှတစ်ဆင့် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့သည့် လူနာ၏ ရင်တွင်းစကားသံ

ဦးလေးက ဦးဗိုလ်မင်းချိုပါ။

အသက်က ၆၃ နှစ်ပြည့်ပါပြီ။

အလုပ်အကိုင်က ထွေအုပ်အငြိမ်းစားပါ။

ဦးလေးတို့က နယ်မှာတုန်းက ပန်းမမ ဓာတ်ပုံဆိုင်ဆိုပြီး ဖွင့်ထားတာလေ။ တော်တော်များများ သိကြတယ်။

မျက်လုံးကဖြစ်နေတာက နှစ်နှစ် သုံးနှစ်လောက်ရှိပြီ။ မျက်လုံးတစ်ဖက်က နီနီနေတာလေ။ ရေချိုးလို့နီတယ်၊ အပူကန်လို့ နီတယ်၊ အဲ့လိုပဲ ထင်ထင်နေတာ၊ ဦးလေးတို့က ဓာတ်ပုံဆိုင်ဖွင့်ထားတော့ ဓာတ်ပုံကူးကူးနေတော့ အဲ့တာကြောင့် ဖြစ်တယ်ထင်တာလေ။ ဦးလေးက အရင်ကတည်းက ပတ်စ်ပို့စ်ဓာတ်ပုံတွေဘာတွေ၊ အမှောင်ခန်းထဲမှာ အမြန်ကူးတာတို့ဘာတို့ လုပ်တယ်လေ၊ ဓာတ်ပုံဆရာဆိုတော့၊ အမှောင်ထဲမှာနေပြီး မီးလုံးလေးနဲ့ ကူးရတော့ အာရုံကြောတွေ ဘာတွေ ထိသွားလားလို့ တွေးမိတာ၊  ဦးလေးက မျက်မှန်တပ်ရတယ်လေ။

ဒီရန်ကုန်ရောက်လာပြီးကတည်းက ဘာအလုပ်မှလည်းမလုပ်ဖြစ်၊ နေထိုင်ရတဲ့ ပတ်ဝန်းကျင်ကလည်းမတူ၊ အဆင်မပြေတော့ ဖြစ်တာပေါ့။ ကွမ်းမစားတဲ့လူတောင် ကွမ်းစားတတ်လာတယ်။

လွန်ခဲ့တဲ့ နှစ်လသုံးလလောက်က မျက်စိတွေမကောင်းဘူး မျက်မှန်ပါဝါတိုးရမလားမသိဘူးဆိုပြီး မျက်မှန်သွားချိန်းဖို့လုပ်တာ။ မျက်စိဆရာဝန်ဆီသွားတော့ မျက်စိဆရာဝန်က “ခင်ဗျား ခေါင်းကို ဓာတ်မှန်ရိုက်ရမယ်” တဲ့။

သိပ်မယုံဘူးပေါ့၊ မျက်စိပြဖို့သွားတာ ခေါင်းကိုဓာတ်မှန်ရိုက်ရမယ်ဆိုတော့ ဘာလဲပေါ့။ လက္ခဏာက မျက်လုံးမမြင်တာပဲရှိတာ၊ ခေါင်းမူးခေါင်းကိုက် ဘာမှကို မဖြစ်တာ။ မဆိုင်ဘူးဆိုပြီး ဒီအတိုင်း တစ်လလောက် နေလိုက်တယ်။

နောက်တော့ သားသမီးတွေက မျက်စိတော်တော်နီလာတယ်။ နီတယ် ပျောက်တယ် နီတယ် ပျောက်တယ်။ အဲ့တာနဲ့ မပြလို့မဖြစ်တော့ဘူးဆိုပြီး အင်းစိန်မှာရှိတဲ့ ဆေးခန်းတစ်ခုကို ပြတော့ မျက်စိနီနေတာဆိုတော့ လေဖြတ်ချင်တာလို့ ထင်နေတာ၊ ဆေးတစ်ပတ်စာပေးလိုက်တယ်လေ။ 

နောက်တော့ လေဖြတ်တဲ့လက္ခဏာမဟုတ်ဘူးဆိုပြီး CT ရိုက်တော့ ဦးနှောက်မှာ အကျိတ်တွေ့တယ်။ မျက်စိအာရုံကြောကို ဖိထားတာတဲ့။ ဆရာက မခွဲရင် မျက်စိကွယ်သွားလိမ့်မယ်တဲ့။

ဒီဘက်ကွယ်ရင် နောက်တစ်ဖက်လည်း ကူးသွားနိုင်တယ်တဲ့။ အဲ့တာနဲ့ ငါတော့ မျက်စိမမြင်ဖြစ်တော့မယ်ဆိုပြီး သားသမီးတွေနဲ့ တိုင်ပင်တာပေါ့။ သားသမီးတွေက ခွဲလိုက်ပါ၊ သမီးအလတ်မက ပညာတတ်ဆိုတော့ ပိုသိတယ်လေ။ ဖုန်းလည်းသုံးတော့ လိုက်ရှာဖတ်ကြည့်တာပေါ့။

ခွဲဖို့ဆုံးဖြတ်လိုက်တော့ ဆရာဝန်ကို လိုက်ရှာရတာပေါ့။ လိုက်ရှာပြီးတော့ ဆရာကြီးနဲ့ ပြကြည့်တယ်။ စစ်ထားတဲ့အဖြေတွေလည်း ဆရာ့ကိုပြပြီးတော့ ဦးလေးအရမ်းကြောက်တတ်ကြောင်းလည်း ဆရာ့ကိုပြောပြလိုက်တယ်။ ဦးလေးက ဆေးထိုးဆေးသောက်ကိုတောင် မတရားကြောက်တတ်တော့ ခွဲမှာကိုလည်း မတရား ကြောက်နေတာ။

အဲ့မှာ ဆရာကြီးက ဦးလေးကို ရှင်းပြတယ်။ ဘာမှမကြောက်နဲ့တဲ့။ ခွဲစိတ်နည်းနှစ်နည်း ရှိတယ်တဲ့။ ဦးခေါင်းခွံဖွင့်တာရယ် ၊ နှာခေါင်းကနေ ခွဲတာရယ် နှစ်နည်းရှိတယ်တဲ့။ အသက်သာဆုံးနည်းနဲ့ ခွဲမယ်တဲ့။ ဆရာကြီးတွေက “ဘာမှမပူနဲ့ ၊ ခဏလေးပဲ၊ တစ်နာရီဆိုပြီးပြီ” တဲ့။

ဆရာကြီးတွေက “မကြောက်နဲ့၊ ကျွန်တော်တို့ သက်သက်သာသာနဲ့ ခွဲပေးပါ့မယ်” တဲ့။ ဆရာကြီးတွေက စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတယ်။

အဲ့တာနဲ့ ခွဲဖို့ ဆေးရုံကို ဦးလေးတို့ ရွေးရတော့မယ်လေ။ ဆရာကြီးတွေကိုပဲ မေးတာပေါ့။ “ဆရာ ကျွန်တော်ဘယ်မှာခွဲရင် ကောင်းမလဲ”ပေါ့။ ကျွန်တော်က နေတာ မြောက်ဒဂုံမှာနေတယ်။ ဒီမှာ ညီမတစ်ယောက်ရှိတယ်။ ဓာတ်မှန်ဌာနက ဒေါ်ရင်ရင်သန်းပေါ့။ သူက “ကိုမင်းချို ဒီမှာလည်း ခွဲလို့ရတယ်”တဲ့။ “အာ့ဆို လာလိုက်မယ်ဟေ့၊ နင့်လဲအားကိုးတယ်၊ သားသမီးတွေလည်း လာရတာ နီးတယ်၊ ဒီမှာပဲ ခွဲလိုက်တော့မယ်” ဆိုပြီးတော့ ဒီကိုလာပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေပြပြီးတော့ ခွဲတာ။

သမားတော်ကြီးနဲ့လဲ တွဲပြလိုက်ရသေးတယ်။ မေ့ဆေးဆရာကြီးကလည်း ဦးလေးကို လာကြည့်ပြီး မကြောက်ဖို့ လာပြောသွားပါသေးတယ်။

ဦးလေးကလေ ကြောက်လဲကြောက်တယ်၊ ရှက်လည်းရှက်တယ်။ ဆေးရုံတက်ဖူးတာ ဦးလေးဘဝမှာ ဒါက ပထမဆုံး။ နှာခေါင်းကနေ လုပ်မယ်ဆိုရင် အသက်ရှူနည်းနည်းခက်မယ်ဆိုပြီးတော့ အသက်ရှူလေ့ကျင့်ခန်းတွေကိုလည်း ခွဲခန်းမဝင်ခင်မှာ ဆရာကြီးကိုယ်တိုင်လာပြီးတော့ လေ့ကျင့်သင်ပေးသွားခဲ့တယ်။

ဆေးရုံကိုစလာကတည်းက ကားကိုပါကင်စထိုးကတည်းက ပြောရမယ်ဆိုရင် ကားတံခါးကိုပြေးဖွင့်ပြီး ကလေးတွေက “လူနာပါလား၊ ဝှီးချဲနဲ့ တွန်းမလား” မေးကြတာ။

ဦးလေးက “မလိုဘူး၊ ဦးလေးက ဝှီးချဲတွန်းဖို့ မလိုဘူး” လို့ ပြောတော့ အထုတ်တွေဘာတွေ ကလေးတွေက သယ်ကြတာ၊ ဓာတ်လှေကားအထိ လိုက်ပို့ပေးတယ်။ သေချာအစအဆုံး အပေါ်ထပ်အထိ လိုက်ပို့ပေးတယ်။

အပေါ်ထပ်ရောက်တော့လည်း အားလုံး သန့်ရှင်းရေးသမားတွေကအစ ရှင်းလင်းပြီးတော့ “ဟာ… ဒီအခန်းလေးကတော့ တအားသန့်ရှင်းနေပါလား၊ ဟိုတယ်နဲ့အတူတူပဲ”လို့တောင် ပြောမိသေးတယ်။ အခန်းထဲကနေလည်း ဘုရားကိုတောင် လှမ်းဖူးလို့ရသေးတယ်လေ။

ဆရာ၊ ဆရာမတွေကလည်း ဦးလေးက ကြောက်တတ်မှန်းသိတော့ “ဦး၊ မနာဘူးနော်၊ မကြောက်နဲ့နော်” တစ်ချိန်လုံး ပြောပေးနေကြတာ။ ဆရာကြီးကလည်း သေချာရှင်းပြတယ်။ ဆေးရုံက ဆရာတွေ၊ ဆရာမတွေကို တအားစိတ်ကျေနပ်တယ်။ လူနာကို တော်တော်အလိုလိုက်တယ်။

ဆရာမလေးတွေကလည်း ဦးလေးမကြောက်အောင် စနောက်ပေးနေကြတာ။ မနာဘူး မနာဘူးဆိုပြီးလည်း အမြဲပြောပေးကြတယ်။ ဦးလေးက ဆေးထိုးလည်းကြောက်၊ ဆီးချိုဖောက်လည်း ကြောက်ဆိုတော့၊ ဆရာမလေးတွေက အခန်းထဲစဝင်လာကတည်းက မနာဘူးနော်ဆိုတာက အရင်ပြောကြတာ။ အကုန်ကောင်းကြတယ်။ ကျေးဇူးတင်ပါတယ်။

ဦးလေးတို့က အရင်ကတော့ ကြားဖူးတာက ဦးနှောက်ဆို ခေါင်းကိုခွဲတာမျိုးတွေပဲလေ။ အခု ကိုယ်ကိုယ်တိုင် ကြုံဖူးမှပဲ ဆရာဝန်ကြီးတွေက ခွဲနည်းသုံးနည်းရှိတယ်ဆိုပြီး ရှင်းပြတော့မှ သိကြတာ။

ဒါကို မသိတဲ့သူတွေ အများကြီးရှိပါတယ်။ သိရက်သားနဲ့လည်း မခွဲတဲ့သူတွေ အများကြီးရှိကောင်းရှိနိုင်ပါတယ်။ ဦးနှောက်ဆိုတာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု။

ဆရာဝန်ရဲ့ကံ လူနာရဲ့ကံ ငါးဆယ်/ ငါးဆယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာကလည်း ဝင်နေတော့ မခွဲရင်ကောင်းမယ် မျက်စိမမြင်လည်းရတယ်လို့ တွေးမိသေးတယ်။ ဒါပေမဲ့ သားသမီးတွေက တွန်းတိုက်ပြီးတော့ ခွဲဖို့ပြောလို့ ခွဲမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။

ကိုယ်လည်း ပထမဦးဆုံးအကြိမ် ခွဲဖူးတာဆိုတော့ ကြောက်တယ်။ ဦးလေးလိုလူတွေရှိရင် သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီးတော့ မကြောက်လန့်ဘဲ လုပ်သင့်တာကို လုပ်ကြပါလို့ ပြောချင်ပါတယ်။

ခွဲခန်းက ထွက်လာပြီးနောက် မျက်လုံးဖွင့်ဖွင့်ချင်း အရမ်းပျော်တာပေါ့နော်။ အောင်မြင်သွားပြီဆိုတော့လေ။ ပြီးတော့ ကြာလည်းမကြာဘူး၊ နာလည်းမနာဘူး၊ ဘယ်လိုလုပ်လိုက်လည်းတော့ မသိဘူး၊ ဆရာကြီးက ပြောတယ်၊

“ဦးလေး ဘာမှမကြောက်နဲ့၊ ပိုက်လေးနဲ့ ထုတ်မှာ၊ ကြက်ဥက အကာတွေကို ဆွဲထုတ်သလို ဆွဲထုတ်မှာ” တဲ့။ ဟုတ်လည်းဟုတ်တယ်။ ကြက်ဥက အကာအနှစ်တွေကို စုပ်ထုတ်လိုက်သလိုပဲ၊ သမီးလေးဆီမှာ ဓာတ်ပုံလည်းရှိတယ်။ ဦးလေးကတော့ မကြည့်ရဲဘူး။

အခုကတော့ ဦးလေးက ဆေးရုံဆင်းမယ့်ရက်ကိုပဲ စောင့်နေရုံပဲ။ အစကတော့ ဘန်ကောက်မှာသွားလုပ်ဖို့ အကြံပေးတဲ့လူတွေလည်းရှိတယ်လေ။ ဦးလေးကတော့ ဘန်ကောက်ကိုသွားရင် သမီးတစ်ယောက်ပဲ ပါနိုင်မယ်။ ဒီမှာဆိုတော့ မိသားစုအကုန် လာကြည့်ပေးလို့ရတယ်လေ။

အခုဆိုရင် ဒီဦးလေး ဦးဗိုလ်မင်းချိုဟာ ဝေဒနာတွေအားလုံး ပျောက်ကင်းပြီး ပျော်ရွှင်စရာမိသားစုနဲ့ အိမ်ပြန်ဖို့ကို စောင့်နေပါပြီ။ “မကြောက်ကြပါနဲ့၊ ခေတ်မီတဲ့နည်းပညာတွေနဲ့ အမြန်ဆုံးကုသပါ” လို့ သူက တခြားသူတွေကို တိုက်တွန်းထားပါတယ်။