24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Health Tips

မတ်တပ်ရပ်လိုက်ချိန်မှာ ရုတ်တရက်မူးဝေသွားရသည့်အကြောင်းအရင်းများ

မတ်တပ်ရပ်ချိန်မှာ မူးဝေရတာဟာ အကြောင်းအရင်းအများကြီးကြောင့် ဖြစ်နိုင်ပါတယ်။ အဖြစ်များဆုံး ပြဿနာတစ်ခုကတော့ ဦးနှောက်ထဲရှိ‌ သွေးပေါင်ချိန် ရုတ်တရက် ကျသွားတာကြောင့် ဖြစ်ပါတယ်။ မတ်တပ်ရပ်လိုက်ချိန်မှာ ကမ္ဘာ့ဆွဲအားက ခန္ဓာကိုယ်အောက်ပိုင်းမှာ သွေးတွေကို စုပုံသွားစေပါတယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်က သွေးပေါင်ချိန် ရုတ်တရက်ကျဆင်းမှုကို ကာကွယ်သည့်အနေဖြင့် ချက်ချင်းတုံ့ပြန်မှုတွေ ပြုလုပ်ပါတယ်။ ဒီတုံ့ပြန်မှုတွေက နှေးကွေးတဲ့အခါမှာ ရလဒ်ကတော့ ဦးနှောက်ထဲမှာ သွေးပေါင်ချိန်ကျပြီး မူးဝေလာတာပဲ ဖြစ်ပါတယ်။

မတ်တပ်ရပ်နေချိန်မှာ မူးဝေမနေအောင် ထိုင်နေရာကနေ ရုတ်တရက် ထမရပ်ပါနှင့်။ အိပ်ရာကနေ ချက်ချင်းထမရပ်ပါနှင့်။ မတ်တပ်မရပ်ခင်မှာ အိပ်ရာဘေးမှာ ခဏလောက် ထိုင်နေပါ။ အစာစားပြီးချိန်၊ ရေချိုးပြီးချိန်နှင့် ညဘက် သန့်စင်ခန်းသွားချိန်များမှာ လှဲနေရာကနေ ရုတ်တရက် မထရပ်ပါနှင့်။

#မတ်တပ်ရပ်ချိန်မှာ_မူးဝေခြင်းမဖြစ်အောင်_ကာကွယ်နိုင်မည့်_နည်းလမ်းများ
ယခုဖော်ပြေပေးမည့် နည်းလမ်းတွေကတော့ မတ်တပ်ရပ်ချိန်မှာ မူးဝေခြင်းကို မခံစားရအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ သွေးဟာလည်း အများစုက ရေဖြစ်နေတာကြောင့်ညဘက်တွေမှာ ရေမသောက်တဲ့အခါမှာ သွေးပေါင်ချိန်ကျပြီး မနက်ပိုင်း အိပ်ရာထချိန်မှာ မူးဝေနေတတ်ပါတယ်။ အိပ်ရာမဝင်ခင် ရေများများသောက်လျှင်လည်း သန့်စင်ခန်းကို မကြာခဏသွားရနိုင်တာကြောင့် ညဘက်ရောက်မှ ရေများများသောက်ခြင်းထက် တစ်နေ့တာလုံးရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းထားခြင်းက ပိုမိုကောင်းမွန်နိုင်ကြောင်း အကြံပြုထားပါတယ်။

သွေးလည်ပတ်မှုကောင်းစေဖို့ မနက်ပိုင်းမှာ ပေါ့ပါးသည့် လေ့ကျင့်ခန်းတစ်ခုခုကို ပြုလုပ်ရန် အကြံပြုထားပါတယ်။

တစ်နေရာထဲမှာ အကြာကြီးရပ်နေခြင်း၊ ထိုင်နေခြင်း စသည်တို့ကို မပြုလုပ်ပါနှင့်။

အစာစားပြီးနောက် မူးလာလျှင် နေ့ဘက်မှာ အများကြီးမစားဘဲ နည်းနည်းချင်းစီ ခဏခဏစားပေးပါ။

သကြားပါသည့် အချိုရည်များကို မသောက်သုံးပါနှင့်။

မူးဝေခြင်းက တစ်ခါတလေ ဖြစ်တတ်လျှင် ပြဿနာကြီးကြီးမားမား မရှိပေမယ့် အမြဲတမ်းလိုလို ဖြစ်နေလျှင်တော့ လိုအပ်သည့် ကုသမှုကို ရနိုင်စေဖို့ ဆေးစစ်ကြည့်သင့်ပါတယ်။