24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Beauty & Fitness

ကော်လာဂျင် လွန်ကဲစွာ သုံးစွဲခြင်း

  • ကော်လာဂျင်ဆိုတာ လူအပါအဝင် နို့တိုက်သတ္တဝါ​တွေရဲ့ ခန္ဓာကိုယ်က​နေ ထုတ်​ပေးနိုင်တဲ့ ပရိုတိန်း တစ်မျိုးပါ။
  • အဓိက ကတော့ ခန္ဓာကိုယ်မှာ ရှိတဲ့ တွယ်ဆက်တစ်ရှူး​တွေ၊ အ​ရေပြား၊ အရိုး၊ အရိုးအဆစ် စတာ​တွေမှာ ရှိပါတယ်။
  • အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က​နေ ​ကော်လာဂျင် ထုတ်​ပေးနိုင်စွမ်း ​လျော့နည်းလာပါတယ်။
  • ဒီ​နောက်ပိုင်းမှာ ​ကော်လာဂျင်ကို ဖြည့်စွက်စာအ​နေနဲ့ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြတာကိုလည်း ​တွေ့ရပါတယ်။
  • ကော်လာဂျင်ရဲ့ ​ကောင်းကျိုး​တွေကို​တော့ ​တော်​တော်များများ တီးမိ​ခေါက်မိ ရှိကြလိမ့်မယ် ထင်ပါတယ်။
  • ဒါ​ကြောင့် ခု ဆောင်းပါးလေးမှာတော့ ကော်လာဂျင် လိုတာထက် ပို​​နေမယ်ဆိုရင် သတိထားသင့်တဲ့ အချက်​လေး​တွေကို ​ဖော်ပြ​ပေးလိုက်ပါတယ်။

၁။ဓါတ်မတည့်ခြင်း

  • ကော်လာဂျင် ဖြည့်စွက်စာ အများစုဟာ တိရစ္ဆာန်​တွေဆီက ရတဲ့ ပရိုတိန်းက​နေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ နွား၊ ကြက်၊ ငါးနဲ့ အခွံမာငါး​တွေဆီက​နေ ထုတ်​လေ့ရှိပါတယ်။
  • ဒါကြောင့် ပင်လယ်စာ ဓါတ်မတည့်သူ​တွေအနေနဲ့ ဒီ ပင်လယ်စာ​တွေက​နေ ထုတ်လုပ်တဲ့ ​ကော်လာဂျင်ဖြည့်စွက်စာ​တွေကို ​သောက်သုံးရင်လည်း ဓါတ်မတည့်ခြင်း​တွေ ဖြစ်​​စေနိုင်တဲ့အတွက် ​ဘယ် Source က​နေ ထုတ်သလဲဆိုတဲ့ Information ကို ​သေချာ သတိပြုဖို့ လိုအပ်ပါတယ်။ ​

​၂။ဆီးလမ်း​ကြောင်း ​ကျောက်တည်နိုင်ခြင်း

  • ကော်လာဂျင်မှာ ပါဝင်တဲ့ hydroxyproline ဆိုတဲ့ အမိုင်နိုအက်စစ် တစ်မျိုးဟာ Oxalate လို့​ခေါ်တဲ့ ဓါတ်တစ်မျိုးအဖြစ်ကို ​ပြောင်းလဲ​စေနိုင်ပါတယ်။
  • ပုံမှန်ဆိုရင် Oxalates ​တွေကို ​ကျောက်ကပ်က​နေတစ်ဆင့် စွန့်ထုတ်​ပေးပါတယ်။
  • ဒီ Oxalates ​တွေများ​နေမယ်ဆိုရင်​တော့ ဆီးလမ်း​ကြောင်းမှာ ​အနည်ကျပြီးကျောက်အဖြစ်နဲ့ စုပုံ​စေနိုင်တာ​ကြောင့်ဆီးကျောက်တည်ခြင်း ဖြစ်​စေနိုင်ပါတယ်။
  • ရေ​သောက်နည်းသူ၊ ဆီးသွားနည်းသူ​တွေဆို ဆီး​ကျောက်တည်နိုင်​ခြေ ပိုများပါတယ်။ ဒါဟာလည်း သတိချပ်သင့်တဲ့ အချက်ကလေး တစ်ခုပါ။

​၃။သွေးတွင်းကယ်လ်ဆီယမ်ဓါတ် မြင့်တက်​စေနိုင်ခြင်း

  • သဘာဝအရ ကယ်လ်ဆီယမ်ဓါတ် ပါဝင်မှု များတဲ့ ငါး၊ အခွံမာငါး၊ ပင်လယ်စာ စတာ​တွေက​နေ ထုတ်တဲ့ ​ကော်လာဂျင် ဖြည့်စွက်စာ​တွေမှာ ​ကယ်လ်စီယမ်ဓါတ် ပါဝင်နှုန်း များ​နေနိုင်ပါတယ်။
  • ဒီ ​ဖြည့်စွက်စာ​တွေက​နေတစ်ဆင့် ​သွေးတွင်း ကယ်လ်ဆီယမ်ဓါတ်ကို မြင့်တက်​စေတတ်ပါတယ်။
  • ဒီအခါမှာ ​သွေးတွင်း ကယ်လ်ဆီယမ်ဓါတ် လိုတာထက် များ​​နေတဲ့အခါ ဖြစ်တတ်တဲ့
    • ဝမ်းချုပ်တာ
    • နုံးပြီး ​နေထိုင်မ​ကောင်းဖြစ်တာ
    • ပျို့အန်တာ စတဲ့ ဆိုးကျိုး​တွေ ခံစားရတတ်ပါတယ်။

၄။အစားအ​သောက် ပျက်တတ်ခြင်း

  • တချို့​သော သူ​တွေမှာဆိုရင် ကော်လာဂျင် ​သောက်သုံးခြင်းနဲ့ ခံတွင်းပျက်ခြင်းဟာ ဆက်စပ်မှု ရှိ​နေတတ်တယ်လို့ ဆိုပါတယ်။

ဒါလေးတွေကတော့ ကော်လာဂျင် သောက်သုံးမယ် ဆိုရင် ကိုယ်နဲ့ ကိုက်ညီပြီး သင့်တော်မယ့် အမျိုးအစားကို ရွေးချယ်နိုင်ဖို့၊ သိထားသင့်တဲ့ အချက်လေးတွေကို သိရှိနိုင်ပြီး အကောင်းဆုံး ရွေးချယ်သုံးစွဲနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေ။

DR.Christine