ဒူးခေါင်းအစားထိုးခွဲစိတ်ခြင်း (Knee Replacement)

  • 2019-10-23

မင်္ဂလာပါအန်တီ၊ အရင်ဆုံးအန်တီရဲ့အကြောင်းလေးပြောပြပေးပါအုံး။

မင်္ဂလာပါကွဲ့၊အန်တီနာမည်ကတော့ ဒေါ်ဝေဝေမြင့်၊အသက်ကတော့ (၆၄) နှစ်ရှိပါပြီ၊နေတာကတော့ တောင်ဥက္ကလာပ မှာနေတာပါ။

ရောဂါဝေဒနာခံစားရပုံနဲ့အချိန်ဘယ်လောက်တောင်ကြာခဲ့ပြီး ဘယ်လိုဖြစ်ခဲ့တယ်လို့ထင်ပါသလဲခင်ဗျာ။

ဒူးနာကတော့(၅)နှစ်ရှိပါပြီ။ ညာဘက်ဒူး ဖြစ်တာပါ ။ဆေးထိုးဆေးသောက်နဲ့ဘဲလုပ်ခဲ့တာပေါ့လေ။အရင်က ကန်တော်လေးမှာနေခဲ့တယ် နှစ်ပေါင်း (၂၀)ကျော်လောက် ရှိတယ် ၊ အခုမှ တောင်ဥကလာပ ဘက်ကိုရောက်တာ တစ်နှစ်ကျော်ဘဲရှိသေးတယ်။

အရင်ကမြို့ထဲမှာနေတာဆိုတော့ မြို့ထဲဆေးခန်းတွေ စဖြစ်ကာစကနေ (၅)နှစ် အတွင်းမှာ ဆေးထိုးဆေးသောက်နဲ့လုပ်ဖြစ်တယ်။ ပထမတစ်နှစ်တစ်ခါထိုးတာကနေ ခြောက်လတစ်ခါထိုးတယ်၊ ပြီးတော့ လေးလတစ်ခါထိုးကနေ စိတ်စိတ်လာပြီး တစ်လတစ်ခါထိုးဖြစ်လာတယ်။မသက်သာဘဲပိုပိုဆိုးလာတယ် လမ်းကြာကြာလျှောက်တာနဲ့ နာကျင်လာခဲ့ရတယ်။ အန်တီအနေနဲ့ဘာမှမလုပ်ဖူးဘူး၊ နှစ်၂၀လောက်က လေးလွှာတိုက်မှာနေခဲ့တာ အတက်အဆင်းလုပ်တာများတာရယ် ကလေးတွေ ကျောင်းပို့ကျောင်းကြို၊ အိမ်အလုပ်တွေကြောင့်လည်းပါမယ် မျိုးရိုးလိုက်တာလည်းဖြစ်မယ်။ အမေကလည်းဒူးဖြစ်တယ်၊ ညီမအငယ်ဆုံးလေးကလည်းဖြစ်တယ်အခုအန်တီပေါ့လေ။ လှုပ်ရှားမှုများတဲ့ဒဏ်တွေကြောင့် အန်တီ အခုလို ဝေဒနာခံစားရတာဖြစ်မယ်။

အန်တီအနေနဲ့တောင်ဥက္ကလာကနေ OSC ဆေးရုံကို ရွေးချယ်ဖြစ်ခဲ့ပုံကိုလည်း ပြောပြပေးပါအုန်းခင်ဗျာ။

အဓိကကတော့ တောင်ဥက္ကလာရောက်တော့မှ အမျိုးတစ်ယောက် ကပြောတာပေါ့လေ။ သူ့ညီမလေးတစ်ယောက်လည်း ခါးနာနေတာ နိုင်ငံခြား စင်ကာပူအထိသွားကုတာ မသက်သာဘဲ နောက်ဆုံး OSC ဆေးရုံမှာ ခွဲစိတ်ဆရာကြီး က ခွဲစိတ်ပေးလိုက်တော့ပြန်လည်ကောင်းမွန်သွားကြောင်း မောင်လေး ကိုလည်း ခြေထောက်ကို ဆရာကြီးကခွဲပေးလိုက်တာ အောင်မြင်သွားကြောင်းပြောပြတော့ ပြကြည့်မယ်ပေါ့ဆိုပြီး OSC ဆေးရုံကိုရောက်လာတာပါ။

အန်တီ နိုင်ငံခြားက ဆရာဝန်တွေလာတော့လည်း ဆွေးနွေးကြည့်လုပ်ကြည့်မယ်ဆိုပြီး တွေ့လိုက်သေးတယ် ကြောက်တာရယ်၊ ဈေးနှုန်းကများတာရယ်ကြောင့် အခုလို မလုပ်ဘဲ နေဖြစ်ခဲ့တာပေါ့ ။ ဒူးတို့၊ ခါးတို့ဆိုတော့ ခွဲစိတ်မှုက အောင်မြင်ဖို့ခဲယဉ်းတာကြောင့် လည်းကြောက်နေမိတာတော့အမှန်ပါဘဲကွယ်။

ဆရာကြီးနဲ့အချိန်ဘယ်လောက်ကြာအောင် ကုသခဲ့ပြီးခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်ရပုံကိုလည်း ပြောပြပေးပါအုန်းခင်ဗျာ။

ပြင်ပလူနာအနေ နဲ့ သုံးလလောက်ပြခဲ့ရတယ် အရင်ဆုံး ဆေးထိုးဆေးသောက်နဲ့လုပ်ကြည့်တယ် ။ ကွန်ပျူတာ ဓါတ်မှန် (CT) ရိုက်ကြည့်တယ်။ နောက်တော့လမ်းလျှောက်တာနဲ့ကိုအဆင်မပြေတော့တာကြောင့် ဆရာကြီးနဲ့တိုင်ပင်ပြီး ခွဲစိတ်ဖို့ဆုံးဖြတ်လိုက်ရတာပါ။

ခွဲစိတ်ခန်းအတွေ့အကြုံလေးကော ပြောပြပေးပါအုန်း အန်တီ။

အန်တီက ပထမဆုံးအကြိမ်ဆေးရုံတက်ဖူးတာ ခွဲစိတ်ဖူးတာဆိုတော့နည်းနည်းတော့ စိတ်လှုပ်ရှားကြောက်မိတာပေါ့။ ဒါပေမဲ့ ဆရာကြီးက သဘောလည်းကောင်း စိတ်လည်းရှည်တော့ ခွဲစိတ်မှုက အောင်မြင်ခဲ့တယ်။ဒူးခေါင်းအစားထိုးခွဲစိတ်လိုက်တာ စတီးရိုးလေးကို ညာဘက်ဒူးကို ထည့်လိုက်တာပါ။ နှစ်ပေါင်း (၂၀) ကြာမှ ပြန်ထုတ်ရမှာဆိုပြီးလည်း ဆရာကြီးက သေချာအသေးစိတ်ရှင်းပြခဲ့ပါတယ်။ ခွဲပြီးကာစက နာတယ်တော်တော် နာတယ် နာလို့လှည့်တောင်မလှည့်နိုင်ဘူး။ (၅)ရက်လောက်ထိပေါ့။ တစ်ပတ်ကျော်လောက်တော့လေ့ကျင့်ခန်းစလုပ်ဖြစ်တယ်။ အခန်းထဲမှာဘဲ (Physio) က ဆရာမလေးတွေ လာပြီး လုပ်ပေးတယ် (၁၀) ရက်လောက်တော့ ဒူးကကွေးဆန်လို့ကောင်းလာပြီး မတ်တပ်ရပ်နိုင်ခဲ့တယ်။

တစ်ခြားကော အန်တီအနေနဲ့ဘာရောဂါဝေဒနာတွေများရှိပါသေးလဲခင်ဗျာ။ဆေးရုံရဲ့ဝန်ဆောင်မှုနဲ့ပတ်သတ်ပြီး ပြောပြပေးပါအုန်းခင်ဗျာ။

တစ်ခြားရောဂါဝေဒနာကတော့ဆီးချိုသွေးချိုရောဂါတော့ရှိပါတယ်။

ဝန်ဆောင်မှုနဲ့ပတ်သတ်ပြီးအဆင်ပြေခဲ့ပါတယ်။ အစစအရာ အဆင်ပြေပါတယ်။ဝန်ဆောင်မှု ၊သန့်ရှင်းရေး၊တာဝန်ကျဒေါက်တာ နှင့် သူနာပြုတွေလည်း အချိန်မှန် နေ /ည မရွေးလာပြီး ပြုစုဆောင့်ရှောက်ပေးပါတယ်။ အန်တီကို ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်ကြီးနှင့်တကွ၊ ဆေးရုံတာဝန်ရှိသူတွေရော၊ တာဝန်ကျဆရာ ဆရာမလေးတွေရော၊ သူနာပြုဆရာမလေးများ အားလုံးတို့ အန်တီကျေးဇူးတင်ကြောင်း ဒီနေရကနေပဲ ပြောပြချင်ပါတယ်။